မွေးမြူရေး ခြံများတွင် ယင်ကောင်ပေါများမှုနှုန်း လျှော့ချနိုင်ရန် ဆောင်ရွက်သင့်တဲ့ နည်းလမ်း အချို့

မွေးမြူရေးခြံများတွင် ယင်ကောင်ပေါများမှု လျှော့ချနည်း!!!
````````````````````````````````````````
ဒီကနေ့ မှာတော့ အခု မိုးရာသီမှာ မွေးမြူရေးသမား အများစု ရင်ဆိုင်တွေ့ကြုံနေရတဲ့ မွေးမြူရေးခြံထဲ ယင်ကောင် ပေါများနေမှု ပြသာနာကို လျှော့ချနိုင်အောင် သိသလောက်လေး အနည်းငယ် အကြံပြုချင်ပါတယ်။
မိုးရာသီဝင်လာပြီဆိုတာနဲ့ မိမိတို့ ကြက်ခြံ ၊ ၀က်ခြံ ၊ နွားခြံ စတဲ့ မွေးမြူရေး ခြံတွေကို ယင်ကောင်အနည်းအကျဉ်းမှ အမြောက်မြားထိ ၀င်ရောက်လာတာကို အားလုံးပဲ ကြုံတွေ့ကြမှာပါ။ ယင်ကောင်တွေက တိရစ္ဆာန်တွေပေါ်နားမယ်၊ အစာတွေ ၊ အစာခွက်တွေ ၊ ခြံကြမ်းပြင်တွေပေါ်မှာ အုံနေတာမျိုးတွေ ဖြစ်တတ်တော့ များသထက်များလာရင် တိရစ္ဆာန်တွေအတွက် ရောဂါဖြစ်စေနိုင်တဲ့ အပြင် ခြံရှင်တွေလည်း စိတ်ညစ်ကြရပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီ ယင်ကောင်ပြသာနာကို ဖြေရှင်းဖို့အတွက် အများစုလုပ်နေကြတာက ယင်ကောင်ကပ်တဲ့


ကော်ကပ်ခွာတွေ ၀ယ်သုံးမယ် ၊ ယင်နိုင်ဆေးဆိုတာတွေ ဖြန်းမယ် သုံးမယ်။ ဒါပေမဲ့ ဘာကို သွားတွေ့ရလဲဆို ယင်ကောင်ကပ်တဲ့ ကော်ပြားတွေချထားရင် ယင်တွေက များလွန်းတဲ့အတွက် ခဏလေးနဲ့ ကော်ပြားတွေမဲတူးပြီး ယင်တွေကပ်ကုန်မယ် ၊ အဲ့တာကို ခြံရှင်က မဖယ်ပဲ ဒီတိုင်းဆက်ထားရင် ကြက်ဝက် စတဲ့ တိရစ္ဆာန်တွေက နှမ်းရှုံ့မယ် ၊ စားမိတာတွေ ဖြစ်ကြပါတယ်။ ယင်နိုင်ဆေးတွေ သုံးပြီးရင်လည်း ခဏလောက်ပဲ ယင်ကောင်ပြေးပြီး နောက်ထပ် ယင်ကောင်တွေ ထပ်ထပ်ရောက်လာတာနဲ့ ဘာမှ သိပ်မထူးဘူးလို့ ပြောကြပါတယ်။ အဲ့တော့ ခုလိုအခြေအနေကို ကြည့်ခြင်းအားဖြင့် ယင်ကောင်ပေါများလာမှုကို လျှော့ချနိုင်အောင် ဖျန်းဆေးတွေ ကပ်ခွာတွေကိုပဲ ရာနှုန်းပြည့် အားကိုးလို့မရဘူးဆိုတာကို သွားတွေ့ရပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တိုးတက်တဲ့ နိုင်ငံတကာက မွေးမြူရေး ခြံကြီးတွေမှာကကျတော့ Bio-security အားကောင်းတဲ့အတွက် အဆိုပါပြသနာတွေကို သိပ်ရင်ဆိုင်ရလေ့မရှိပါ။
ဒါပေမဲ့ ကျွန်မတို့လို နိုင်ငံတွေမှာကတော့ ဇီဝလုံခြုံမှု အားနည်းသေးတဲ့အတွက် အဆိုပါပြသနာကို လျှော့ချနိုင်ဖို့ရာ အထက်ဖော်ပြပါနည်းတွေကို သုံးတဲ့အပြင် မိမိခြံတွင်း နှင့် ခြံပတ်ဝန်းကျင် သန့်ရှင်းရေးကိုပါ အထူးဂရုပြုလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ယူဆမိပါတယ်။ ယေဘုယျအားဖြင့်ဆိုရသော် ယင်ကောင်များသည် ပိုနွေးပြီး စိုစွတ်သော နေရာများတွင် မျိုးပွားတတ်ကြတာကြောင့် -
>>>>
ပထမအချက်= အနေနဲ့ မိမိခြံပတ်ဝန်းကျင်က မြောင်းပုတ်တွေကို ရေဆိုးရေညစ်နည်းပါးအောင် သန့်ရှင်းရေးလုပ်ရပါမယ်။ ရေပုတ်တွေ ခိုအောင်းနိုင်တဲ့ တာယာစုတ် ၊ ခွက်စုတ်တွေ စတာတွေကို ဖယ်ရှားပစ်ပါ။ ယင်ကောင်ပေါက်ဖွားရာ ညစ်ညမ်းတဲ့ ရေသေတွေ ခိုအောင်းနေနိုင်တဲ့ အရာမှန်သမျှကို အတတ်နိုင်ဆုံး ရှင်းလင်းပေးပါ။
>>>>
ဒုတိယအချက်= အနေနဲ့ကတော့ ခြံတွင်း သန့်ရှင်းရေးကို ပြုလုပ်ပေးရမှာပါ။ ခြံထဲမှာရှိနေတဲ့ တိရစ္ဆာန်အညစ်အကြေးတွေကို တစ်နေ့ နှစ်ကြိမ်ခန့် အနည်းဆုံး ဖယ်ရှားဆေးကြောပါ။ ရေနိုင်နိုင်နဲ့ ဆေးပြီးရင် နောက်ဆုံးတစ်ခေါက်မှာ ခြံဖျန်းပိုးသတ်ဆေးတစ်မျိုးမျိုးကို ထည့်စပ်ပြီး ဖျန်းပါ။ ခြံကို အလင်းရောင်ကောင်းစွာရရှိဖို့နဲ့ လေ၀င်လေထွက် ကောင်းမွန်အောင် အတတ်နိုင်ဆုံး ပြုလုပ်ပေးပါ။ အဲ့လို ပုံမှန် လုပ်ဆောင်ပေးတဲ့အခါ ခြံသန့်ရှင်းသွားတဲ့အပြင် ယင်ကောင်တွေကို ဆွဲဆောင်နိုင်တဲ့ မကောင်းတဲ့ အနံအသက်တွေလည်း သိသိသာသာ လျော့နည်းသွားပါလိမ့်မယ်။ တိရစ္ဆာန်များ အိပ်စက်ရာ ကြမ်းခင်းတွေကိုလည်း ခြောက်သွေ့နေအောင် အတတ်နိုင်ဆုံး ထားရှိပေးပါ။
>>>>
တတိယအချက်=အနေနဲ့ကတော့ တိရစ္ဆာန်တွေ စားသုံးတဲ့ အစာတွေကို လတ်ဆတ်မှုရှိအောင် နဲ့ အစာခွက်ရေခွက်တွေကို သန့်ရှင်းအောင် လုပ်ပေးဖို့ပါ။ အစာတွေကို အချိန်အကြာကြီး ချကျွေးထားတာထက် သူတို့ကုန်နိုင်သလောက်ကိုပဲ ထည့်ပြီး အကြိမ်ရေခွဲကာ လတ်လတ်ဆတ်ဆတ်ကျွေးပါ။ ဒါမှ သူတို့မကုန်တဲ့ အစာအကြွင်းအကျန်တွေပေါ် ယင်နားတာတွေ ယင်အုံနေတာတွေ သက်သာလာမှာပါ။ ဒါ့အပြင် ယင်နားစာ စားမိလို့ တိရစ္ဆာန်တွေ အော့အန် ၀မ်းလျှောတွေလည်း ဖြစ်ပွားမှုကိုလည်း လျှော့ချနိုင်ပါလိမ့်မယ်။ သူတို့ အစာကုန်ပြီဆို အစာခွက်ရေခွက်တွေကို ပိုးသတ်ဆေးရည် အပျော့စား တစ်မျိုးမျိုးနဲ့ ဆေးကြောသန့်စင်ပေးပါ။ သန့်စင်ပြီး အစာခွက်ရေခွက်များကို ခြောက်သွေ့အောင်ထားပြီး စားခါနီးမှ လတ်ဆတ်တဲ့ အစာတွေကို ထပ်မံထည့်ကျွေးပါ။ ရေတိုက်တဲ့အခါမှာလည်း ပိုစိတ်ချရအောင် သောက်ရေပိုးသတ်ဆေးတစ်မျိုးမျိုး ထည့်တိုက်နိုင်ရင် ပိုကောင်းပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အထက်ပါ အချက်တွေကို ဂရုတစိုက်လုပ်ဆောင်ပေးပါက မိမိ၏ မွေးမြူရေးခြံအတွင်း ယင်ကောင်ပေါက်ဖွားနှုန်း ၊ ၀င်ရောက်နှုန်းတို့ကို သိသိသာသာလျှော့ချနိုင်တာကို တွေ့ရမှာ ဖြစ်ပါကြောင်း စေတနာရှေ့ထား အကြံပြုအပ်ပါတယ်!
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စေတနာရှေ့ထားလျှက်-

No comments:

Post a Comment