>> ဘာကြောင့် ကလေးရဲ့ဦးခေါင်းမညီမညာဖြစ်ရတာလဲ?
တစ်ခါတစ်လေမှာ ကလေးက မွေးလမ်းကြောင်းထဲကထွက်လာချိန်မှာ ဖိခြင်းခံရတဲ့အတွက် ခေါင်းပုံစံမညီဘဲ ဖြစ်တတ်ပါတယ်။ နောက်တစ်ခါ မွေးပြီးတဲ့အခါမှာ ကလေးပက်လက်လှန်အိပ်စဉ်
ခေါင်းနောက်ဖက်ကို ဖိအားသက်ရောက်တဲ့အတွက် ခေါင်းပုံစံပြောင်းသွားတာမျိုးလည်းရှိပါတယ်။ ကလေးရဲ့ခေါင်းထိပ်ကဦးခေါင်းရိုးမကြီးထွားသေးတဲ့ ပျော့ပျော့နေရာ ၂ ခုကိုသတိထားမိကြမှာပါ။ ဒီနေရာနဲ့ဦးတည်ပြီး ကလေးက ကျဉ်းမြောင်းတဲ့ မွေးလမ်းကြောင်းထဲက တိုးထွက်လာရတာပါ။ ဒီနေရာက ကလေးအသက်ပထမတစ်နှစ်အတွင်းမှာ ဦးနှောက်လျှင်မြန်စွာကြီးထွားမှုအတွက်လည်း နေရာပေးထားပါတယ်။
ကလေးရဲ့ဦးခေါင်းက ပုံပြောင်းနိုင်သေးတဲ့အတွက် ကလေးက အကြာကြီး ပုံစံတစ်မျိုးတည်းနဲ့အိပ်ရင်လည်း ဦးခေါင်းပုံစံမညီဘဲဖြစ်တတ်ပါတယ်။
>> ကလေးဦးခေါင်းပုံစံက ဘယ်လိုဆိုရင်ပုံမှန်ဖြစ်ပြီး ဘယ်လိုဆိုရင်ပုံမမှန်ဘူးလဲ?
ကလေးအိပ်တဲ့ပုံစံကြောင့်ဖြစ်တဲ့ခေါင်းအနေအထားက ကလေးခေါင်းကိုအပေါ်ကနေကြည့်ရင် ပိုပြီးသိသာပါတယ်။ ကလေးဦးခေါင်းနောက်ဖက်တစ်ခြမ်းက အခြားတစ်ဖက်ထက်ပိုပြီး ပြားနေတာကိုတွေ့နိုင်ပါတယ်။ ခေါင်းပြားတဲ့ဘက်က နားကလည်း အရှေ့ကိုနည်းနည်းကွေးနေနိုင်ပါတယ်။
>> ဦးခေါင်းမညီတာက စိတ်ပူဖို့လိုလား?
အိပ်တဲ့အနေအထားကြောင့် ခေါင်းပြားသွားတာက ကြည့်ရဆိုးတာပဲရှိပါတယ်။ ဖိအားကြောင့် ပြားနေတဲ့နေရာက ဦးနှောက်ထိခိုက်မှုမဖြစ်နိုင်သလို ကလေးဖွံ့ဖြိုးမှုကိုလည်း အနှောင့်အယှက်မဖြစ်စေပါဘူး။ ဒီတော့ ကလေးရဲ့ခေါင်းပုံစံကိုကြည့်ပြီး စိုးရိမ်နေတာနဲ့ပဲ ကလေးတစ်ယောက်ရတဲ့အပျော်ကို မေ့မထားမိစေပါနဲ့။ နောက်လအနည်းငယ်ကြာတဲ့အခါမှာ ကလေးက ခေါင်းနဲ့လည်ပင်းကိုပိုထိန်းနိုင်လာပြီး ဦးခေါင်းအပေါ်သက်ရောက်တဲ့ဖိအားကလည်း ခေါင်းတစ်ခုလုံးညီညီမျှမျှနဲ့သက်ရောက်လာစေပါတယ်။
>> ဦးခေါင်းမညီတာကိုဘယ်လိုကုနိုင်သလဲ?
ကလေးဆရာဝန်က အိပ်တဲ့ပုံစံကြောင့် ကလေးခေါင်းမညီတာလားဆိုတာကို သေချာစစ်ဆေးပါလိမ့်မယ်။ ကလေးထားတဲ့ပုံစံပြောင်းလဲလိုက်ရင် ခေါင်းမညီတာကို လျော့ကျစေနိုင်ပါတယ်။ ဥပမာ-
• ကလေးခေါင်းလှည့်တဲ့ဘက်ကိုပြောင်းပေးပါ။ ကလေးကို ပက်လက်လှန်ပြီးဆက်အိပ်ခိုင်းလို့ရပါတယ်။ ဒါပေမယ့် ကလေးကို ပုခက်ထဲထည့်တဲ့အခါမှာ ကလေးခေါင်းလှည့်တဲ့ဘက်ကို တစ်လှည့်စီပြောင်းပေးပါ။ (သို့) ကလေးကို ပုခက်ထဲမှာ တစ်ရက်ကို ခေါင်းတစ်ဖက်စီထားပေးပါ။ တစ်ရက်ကိုခြေရင်းဘက်ခေါင်းထားပြီး နောက်တစ်ရက်ကျရင် ခေါင်းရင်းဘက်မှာခေါင်းထားပြီးသိပ်ပါ။ ကလေးနို့တိုက်တဲ့အခါမှာလည်း တစ်ခါတိုက်ရင် လက်တစ်ဖက်စီနဲ့ ပြောင်းချီပေပးပါ။ ကလေးအိပ်နေတုန်း သူ့ရဲ့နဂိုပုံစံကိုပြန်ရောက်သွားတယ်ဆိုရင် နောက်တစ်ခေါက်မှာ ပုံစံပြန်ပြောင်းပေးပါ။
• ကလေးကိုချီထားပေးပါ။ ကလေးနိုးနေချိန်မှာ ချီထားပေးခြင်းက ကလေးရဲ့ခေါင်းအပေါ် ပုခက်၊ ခုံစတာတွေရဲ့ဖိအားသက်ရောက်မှုကိုသက်သာစေပါတယ်။
• ဝမ်းလျားမှောက်ပေးပါ။ မိဘရဲ့မျက်စိအောက်မှာ ကလေးကိုမှောက်ရက်ထားပြီး ဆော့စေပါ။ ကလေးမှောက်တဲ့မျက်နှာပြင်က ခိုင်ဖို့တော့လိုပါတယ်။
>> ဦးထုပ်အမာများနှင့်ကလေးခေါင်းပုံစံ
ကလေးခေါင်းပုံစံပြောင်းအောင်လို့ အနေအထားအမျိုးမျိုးပြောင်းပေးပြီးလို့ အသက် ၆ လကျော်အထိ ခေါင်းမညီတာက တိုးတက်ပြီးကောင်းလာတာမရှိဘူး (သို့) အသက် ၈ လကျော်တဲ့အထိ ခေါင်းမညီတာကဆိုးဆိုးရွားရွားဆက်ရှိနေဦးမယ်ဆိုရင် ဆရာဝန်က ကလေးခေါင်းပုံစံပြန်ပြင်ပေးဖို့အတွက် ပုံသွင်းတဲ့ဦးထုပ်အမာတွေစောင်းဖို့ညွှန်ကြားပါလိမ့်မယ်။ ကလေးခေါင်းနဲ့ အံဝင်အောင်လုပ်ထားတဲ့ဦးထုပ်က ခေါင်းပြားတဲ့ညက်ကို သက်ရောက်နေတဲ့ဖိအားတွေကို လျော့နည်းစေပါတယ်။
ဒီလိုပုံသွင်းဦးထုပ်တွေက ကလေး ဦးခေါင်းက ပုံသွင်းလို့ရသေးပြီး ဦးနှောက်ကလည်းဖွံဖြိုးနေတဲ့ အသက် ၄-၁၂ လအတွင်းမှာဆို၇င် အကျိုးသက်ရောက်မှုအရှိဆုံးပါ။ ကလေးအသက် တစ်နှစ်ကျော်သွားတဲ့အခါမှာ ဦးခေါင်းခွံနှစ်ခြမ်းပေါင်းသွားပြီး ဦီးခေါင်းဖွံဖြိုးမှုလည်းနည်းသွားပြီဖြစ်တဲ့အတွက် ဒီအရွယ်ဆိုရင်တော့ ဦးထုပ်နဲ့ပုံသွင်းတဲ့ကုထုံးက အကျိုးမရှိတော့ပါဘူး။
>> အိပ်စက်ပုံအနေအထားကြောင့် ခေါင်းမညီတာမဟုတ်ဘဲ ဘာအကြောင်းတွေရှိနိုင်သေးလဲ?
တစ်ခါတစ်လေမှာ Torticollis လို့ခေါ်တဲ့ ကြွက်သားပြသနာတွေကြောင့်လည်း ကလေးဦးခေါင်းတစ်ခြမ်းစောင်းနေတတ်ပါတယ်။ တင်းနေတဲ့ကြွက်သားကိုအထောက်အကူပြုဖို့နဲပ ကလေးခေါင်းလှုပ်ရှားရတာလွတ်လပ်ဖို့အတွက် ဦးခေါင်းပြုပြင်မှုကုထုံးတွေလိုပါတယ်။
ရှားပါးဖြစ်စဉ်အနေနဲ့ ကလေးခေါင်းမှာရှိတဲ့ အရိုးပြား ၂ခုနဲ့အထက်က အချိန်မတန်သေးဘဲ ပေါင်းသွားတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုပေါင်းစပ်မာကြောသွားမှုကြောင့် ကလေးဦးနှောက်ဖွံ့ဖြိုးလာတဲ့အခါမှာ ခေါင်းရဲ့ အခြားအစိတ်အပိုင်းတွေကိုတွန်းထုတ်လိုက်ပြီး ခေါင်းပုံစံမမှန်ဖြစ်တတ်ပါတယ်။ ဒါကို craniosynostosis လို့ခေါ်ပြီး ကလေးအသက် တစ်နှစ်အတွင်းမှာ ကုသဖို့အရေးကြီးပါတယ်။ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လုံလောက်တဲ့နေရာရဖို့အတွက် ဒီပေါင်းသွားတဲ့ ဦးခေါင်းခွံတွေကိုခွဲစိတ်ပြီး ပြန်ခွဲပေးရပါမယ်။
ဒီတော့ မိမိကလေးရဲ့ဦးခေါင်းပုံစံနဲ့ပတ်သက်ပြီး စိတ်ထဲမှာ သင်္ကာမကင်းဖြစ်နေတယ်ဆိုရင်တော့ ကလေးဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးကြည့်ပါလို့ အကြံပြုလိုပါတယ်။

Dr. Mya Myo Myo Swe(www.drmyanmar.com)
No comments:
Post a Comment