ဥစား ကြက် မွေးနည်း အကြောင်း
=======================
ကြက်တွေကို ဘာကြောင့် အစာစိမ်းကျွေးဖို့ လိုအပ်တာလဲ
ကြက်စာများတွင် ဗီတာမင်နှင့်သတ္တုဓါတ်များ ထည့်ထားသော်လည်း အစာစိမ်းကျွေးသင့်ပါသည်။ မြက်နု၊ ဂေါ်ဖီရွက်၊ ပဲပင်၊ ကန်စွန်းရွက်၊ ရေမှော်ပင်စတာတွေက ကြက်တွေအတွက် အစာစိမ်းတွေဖြစ်ကြပါသည်။ အစာစိမ်းကို ကြက်များ(၂)လသားအရွယ်မှ စတင်ကျွေးနိုင်ပြီး စင်းပြီးကျွေးလျှင် ပိုကောင်းပါသည်။ ဗန်း(သို့)အစာခွက်ထဲထည့်ပြီး ကြမ်းခင်းပေါ်ချပြီး ကျွေးနိုင်ပါသည်။
ကြက်များကို အစာစိမ်းကျွေးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ
- အစာစိမ်းမှာ ကြက်များအတွက် ခံတွင်းကောင်းစေပြီး ဥ, ဥနှုန်း တိုးစေပါသည်။
- အစာစိမ်းမှာ ရေ ၈၀% (သို့) ၉၀% ထိ ပါဝင်သောကြောင့် ကြက်များအတွက် တင်းတိမ်စေပြီး အလုံအလောက်ကျွေးခြင်းဖြင့် တစ်ကောင်နှင့်တစ်ကောင်ဆိတ်ခြင်း၊ အသားစားခြင်း၊ အမွှေးဆိတ်ခြင်း စတဲ့ အကျင့်ဆိုးတွေ ပျောက်ကင်းစေပါသည်။
- အစာကြေလွယ်သော အစာစိမ်းမှာ ဗီတာမင်အေကို ဖြစ်ပေါ်စေသည့် ကယ်ရိုတင်၊ ဗီတာမင်အီး၊ ဗီတာမင်ဘီနှင့် ဗီတာမင်စီများ ပါဝင်ပါသည်။
- အစာစိမ်းများမှ ကစီဓါတ်၊ ပရိုတင်းဓါတ်များ ရရှိပါမည်။ အနုအရင့်ပေါ်မူတည်ပြီး အမျှင်ဓါတ်အနည်းအများ ကွာခြားပါသည်။ အစာနုမှာ အစာပိုကြေလွယ်ပြီး အာဟာရတန်ဖိုး ပိုမြင့်ပါသည်။
- အစာစိမ်းကို စနစ်တကျကျွေးမည်ဆိုပါက ဗီတာမင်ဖြည့်စွက်ဆေးများ ထပ်ဆောင်းကျွေးရန်မလိုအပ်တော့ပေ။
- ကြက်များကို သန်ချဆေးမှန်မှန်တိုက်ကျွေးရမည်ဖြစ်ပြီး အစာစိမ်းစတင်ကျွေးချိန်မှာ များများကျွေးမိလျှင် ဝမ်းပျော့ခြင်း၊ ဝမ်းလျှောခြင်း ဖြစ်တတ်၍ နည်းနည်းချင်းစီ စပြီး တိုးကျွေးသင့်ပါသည်။
- ကြက်များကို သန့်ရှင်းသော အစာစိမ်းများကျွေးနေလျက် ဝမ်းပျော့နေပါက ခုခံအားနည်းခြင်း၊ အာဟာရမလုံလောက်ခြင်းကြောင့် ဖြစ်နိုင်ပါသည်။ ထို့ကြောင့် အာဟာရလုံလောက်အောင်ကျွေးပြီး ဆေးတိုက်ရန် လိုအပ်ပါသည်။ ရောဂါနှင့် အပူဒဏ်ကို ခံနိုင်ရန် အစာစိမ်းများသည် မသန့်ရှင်းဘူးဟု ထင်ရလျှင် စင်းပြီးသား အစာစိမ်းများကို ရေနှင့်ဆေးကြောပြီး ကျွေးနိုင်ပါသည်။
- အစာစိမ်းကို (၁)မျိူးနှင့်(၁)မျိုး (ဥပမာ - မြက်နုမှ ကန်စွန်းရွက် စသဖြင့်)ပြောင်းပြီး ကျွေးပါက တစ်ပတ်ခန့်အချိန်ယူပြီး တဖြည်းဖြည်းချင်းစီ တိုးကျွေးရပါမည်။ ချက်ချင်း အစာကို ပြောင်းလိုက်လျှင် ဥ,ဥနှုန်းနှင့် ဥမှ အကောင်ပေါက်နှုန်း ကျဆင်းပြီး ဝမ်းလျှောခြင်းများ ဖြစ်တတ်၍ ဖြစ်ပါသည်။
ဦးဇော်(dof)
“ကြက်များကို တရုတ်နံနံကျွေးပေးခြင်းဖြင့် ဥ ဥနှုန်းမြင့်မားလာနိုင်ခြင်း"
ကြက်မွေးမြူသူ အများစုသည် ကြက်ကို တရုတ်နံနံကျွေးနိုင်ကြောင်း သိပ်မသိကြသေးပေ။ တရုတ်နံနံသည် ကောင်းမွန်သော ကြက်မွေးမြူရေး အစာတစ်မျိုးဖြစ်ပြီး ဗီတာမင်ဓါတ် အများအပြားပါဝင်ပါသည်။ ထို့ပြင် တရုတ်နံနံတွင် အမျှင်ဓါတ်ပါဝင်သောကြောင့် ကြက်၏ အစာအိမ် အရည် စိမ့်ထွက်မှုကို ကောင်းမွန်စေကာ အစာချေလွယ်ကူစေပြီး အာဟာရဓါတ် စုပ်ယူမှု ကောင်းမွန်စေသည်။
ထို့ကြောင့် မွေးမြူသူအများအပြားသည် ကြက်များအစာ စားရာတွင် အစာမကြေခြင်း၊ အစာ စားလိုစိတ်မရှိခြင်းများ ဖြစ်ပေါ်ပါက တရုတ်နံနံကို ကျွေးပေးလျက်ရှိကြကာ ကြက်ကို အစာစားလိုစိတ် ဖြစ်ပေါ်စေနိုင်သည်။
သို့သော် မွေးမြူသူများ မသိရှိကြသည်မှာ တရုတ်နံနံသင့်လျော်စွာ ကျွေးပေးပါက ဥ ထွက်နှုန်းလည်း မြှင့်တင်ပေးနိုင်ကြောင်းပင် ဖြစ်ပါသည်။
အသုံးပြုပုံမှာ -
(၁) ကြက်ကို သာမန်အာနိသင် ကြက်စာကျွေးနေစဥ်မှာပင် တစ်ပတ်လျှင် (၃ - ၅) ကြိမ် ကြက်ကို တရုတ်နံနံ ကျွေးပေးနိုင်ပါသည်။ တစ်ကြိမ်ကျွေးလျှင် ကြက်တစ်ကောင်၏ စားသုံးမှု ပမာဏမှာ (၄၀ – ၅၀) ဂရမ်ဖြစ်ပြီး အကောင်းဆုံးမှာ တရုတ်နံနံအရွက်နှင့် အကိုင်းကို နုတ်နုတ်စဥ်းကာ ပေါင်းစပ်ရောနှောကျွေးခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ကြက်၏ အစာချေနိုင်စွမ်းကို မြှင့်တင်ကောင်းမွန်စေမည်ဖြစ်သည့်အပြင် ကြက်၏ အစာစားလိုစိတ်ကိုလည်း မြှင့်တင်ပေးနိင်မည်ဖြစ်သည်။
(၂) တရုတ်နံနံအရည်ကို သောက်ရည်အဖြစ် တိုက်ကျွေးနိုင်ပါသည်။ သောက်လို့ကောင်းစေရန်အတွက် ရေထဲတွင် Glucose (ဂလူးကိုစ့်) အရည်များ ထည့်ပေးနိုင်ပါသည်။ ဤသို့အားဖြင့် ကြက်ကို ရေသောက်ခြင်းမှ တဆင့် အစာချေခြင်း ကောင်းမွန်စေနိုင်ပြီး မွေးမြူရေးစာအာဟာရ စုပ်ယူမှုကိုလည်း ကောင်းမွန်စေမည့်အပြင် ဥ ထွက်နှုန်းကို ၂၀ % ထိ မြှင့်တင်ပေးနိင်မည်ဖြစ်ကြောင်း သိရပါသည်။
(၃) မလတ်ဆတ်သော (သို့) ပုပ်သိုးသော တရုတ်နံနံများကျွေးခြင်းကို ရှောင်ကြဥ်ရမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တရုတ်နံနံ၏ အကျိုးအာနိသင်မှာ ကြက်၏ အစာချေမှုနှင့် အာဟာရဓါတ်စုပ်ယူမှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်သောကြောင့် လတ်ဆတ်မှု မရှိသော ပုပ်ဆွေးနေသော တရုတ်နံနံကို စားသုံးမိပါက ကြက်၏ အာဟာရဓါတ်စုပ်ယူမှုနှင့် အစာချေနိုင်စွမ်းကို မမြှင့်တင်နိုင်သည့်အပြင် ကြက်ကို အစာစားလိုစိတ်မရှိစေခြင်း၊ ဝမ်းလျှော၊ အော့အန်ခြင်းများ ဖြစ်စေနိုင်ပါသည်။ ထို့အပြင် ဥ ထွက်နှုန်းမြှင့်တင်မှု မပြုလုပ်နိုင်သည့်အပြင် ကြက်များသေဆုံးခြင်းကိုလည်း ဖြစ်ပေါ်စေကြောင်း သိရပါသည်။
မှီးငြမ်း - ကိုမိုး၏ တိရစ္ဆာန်အစာကျွေးနည်း မှတ်စုများ။
ဦးဇော် (dof)
နွေရာသီအကူးအပြောင်း ကြက်ကျန်းမာရေးအကြောင်း
ဆောင်းအကုန်နွေအကူး ရာသီ
အကူးအပြောင်းတွင် ကြက်များမှာ ရာသီဥတုဒဏ်ကို အတော်လေး ခုခံတွန်းလှန်နေကြရပါသည်။ Fluctuating Temperature Changes ကြောင့် ကြက်တွေဟာ ပတ်ဝန်းကျင် ရာသီဥတုနှင့် သဟဇာတဖြစ်အောင် ၎င်းတို့၏ဇီဝကမ္မဖြစ်စဉ်ကို အလျှင်အမြန်ပြောင်းလဲနေကြရပါသည်။ ဆောင်းရာသီကာလတုန်းကလည်း အအေးဒဏ်ကို တွန်းလှန်ဖို့ ကြက်တွေဟာ သာမန်အချိန်ထက် စွမ်းအင်ဓာတ်ပိုမိုလိုအပ်တာကြောင့် ကျွေးနေကြအစာနှုန်းထက် အစာအနည်းငယ်ကို ပိုမိုကျွေးသင့်ပါတယ်။
ဆောင်းမှနွေသို့ ရာသီအကူးအပြောင်းတွင် အပူချိန်မြင့်လာမှုကြောင့် အစာစားနှုန်းကျဆင်းသွားပြီး ကြက်ခန္ဓာကိုယ်အတွက် လိုအပ်သော အစာအဟာရမရရှိသောကြောင့် ခုခံအားစနစ်တွေ ကျဆင်းလာတတ်ပြီး ၉၆ ပါးသော ကြက်ရောဂါများ စတင်ဒုက္ခပေးလာတတ်ပါသည်။
ထို့ကြောင့် ကြက်မွေးမြူရေးသမားများမှ နွေရာသီတွင် အောက်ပါအချက်များကို လိုက်နာကြရန် အရေးကြီးပါသည်။
(၁) ကြက်ခြံတွင် လိုအပ်သောအပူချိန်ကို သာမန်ထက်လွန်ကဲစွာပေးခြင်း (သို့) လိုအပ်သောအပူချိန်ကို အလုံအလောက်မပေးခြင်းတို့ကို ဂရုပြုကြရန်။
(၂) ကြက်ရေသောက်ကန်ကိုလည်း အမိုးအကာမလုပ်ဘဲ နေပူကျဲကျဲတွင် မထားကြရန်။
(၃) အပူချိန်ပြင်းထန်ချိန်တွင် heat stress မဖြစ်ရလေအောင် ကြက်ရဲ့ ခန္ဓာကိုယ်အပူချိန်ကို လျော့ချနိုင်စေရန်အတွက် ရေအေးအေးသောက်သုံးနိုင်စေရန် စီမံထားရှိခြင်း။
(၄) ကြက်များကို ပုံမှန်တိုက်နေကြ ကာကွယ်ဆေးများကို အရမ်းအေးသော ဆောင်းရာသီ နေခင်းပိုင်းတွင် တိုက်လေ့ရှိပြီး ပူပြင်းသောနွေရာသီတွင် နေပူချိန်မမြင့်ခင် မနက်ခင်းတွင်သာ ကာကွယ်ဆေးတိုင်ကျွေးရန်။
(၅) ရာသီဥတုပူပြင်းချိန်တွင် ကြက်များကို ကာကွယ်ဆေးတိုက်ရာ၌ ကာကွယ်ဆေးတုံ့ပြန်မှု နည်းပါးစေရန်အတွက် အားပျော့ထားသော ကာကွယ်ဆေးမျိုးကို ရွေးချယ်ရန်နှင့် မိမိကြက် ကျန်းမာရေးအခြေအနေအရ လိုအပ်သော ဖြည့်စွက်ဆေးများကိုသာ တိုက်ကျွေးကြရန်။
(၆) ကြက်အစာများ မကြာခဏ ပြောင်းလဲကျွေးမွေးခြင်းမျိုးကို အထူးသတိပြုကြရန်။
(၇) အချို့သော ကြက်ခြံများမှာ သီးခြားစီရှိကြသော်လည်း ရောဂါထူပြောမှုရှိနေတတ်သဖြင့် မိမိကြက်ခြံအတွင် လူဝင်လူထွက် ယာဉ်ဝင်ထွက်မှုကို အထူးကြပ်မတ်ကြရန်။
(၈) ကြက်ရောဂါကူးစက်မှု၏ ၉၀ % ခန့်မှာ ကြက်စာတင်သောကားများ၊ ကြက်ဥကဒ်များ၊ လူတို့မှလည်း ကူးစက်မှုဖြစ်နိုင်ခြေများသဖြင့် ကြက်စာသယ်ယူပို့ဆောင်ရေးကားကို ပိုးသတ်ဆေးဖျန်းခြင်း၊ ကြက်ဥကဒ်များကို ပိုးသတ်ဆေးရည်ကန်တွင် စိမ်ပြီးမှ ကြက်ခြံထဲတွင် အသုံးပြုခြင်းကို မဖြစ်မနေလုပ်ဆောင်ကြရန်။
(၉) ငှက်နှင့် ကြွက်များမှလည်း ရောဂါပိုးသယ်ဆောင်နိုင်ချေများသောကြောင့် စနစ်တကျထိန်းချုပ်မှုပြုကြရန်။
(၁၀) ကာကွယ်ဆေးများကို ယုံကြည်စိတ်ချရသော အရင်းအမြစ်မှရရှိသောဆေးများကိုသာသုံးရန်၊ ရေဖျော်ကာကွယ်ဆေးတိုက်ပါက ရေအရမ်းနည်းခြင်း (သို့) ရေအရမ်းများခြင်း မဖြစ်စေရန် သတိပြုကြရန်၊ (ရေနည်းလွန်းပါက ကြက်တွေရဲ့ ကာကွယ်သောက်မှု မညီမမျှဖြစ်စေပြီး ရေများလွန်းပါက ကာကွယ်ဆေးမှာရှိနေသော ပိုးကောင်လေးတွေရဲ့အာနိသင် ပျက်ပြယ်သွားမှာစိုးသောကြောင့်ဖြစ်သည်။)
(၁၁) ပိုးသေကာကွယ်ဆေးထိုးရာတွင်လည်း တိကျမှန်ကန်သော ဆေးထိုးပိုက်(recorded syringe) ကို အသုံးပြုကြရန်တို့ဖြစ်သည်။
ဦးဇော် (DOF)
မွေးမြူရေးကြက်ခြံမှာ ဒီပြသနာလေးတွေဖြစ်လာခဲ့ရင်
မွေးမြူရေးကြက်ခြံမှာ ဖြစ်တတ်လေ့ရှိတဲ့ ဇတ်တူသားစားခြင်း (သို့) ကြက် အချင်းချင်းဆိတ်ခြင်း ထိုဂနှက်ကြခြင်းတွေဟာ အောက်ပါအကြောင်းအရာအများစုကြောင့်ဖြစ်ရပါတယ်။
၁။အကောင်အရေအတွက်များစွာ ပြွတ်သိပ်နေခြင်း
၂။အခန်းတွင်း အပူချိန် မြင့်မားခြင်း
၃။အခန်းတွင်း အလင်းရောင်များခြင်း
၄။အစာကျွေးပုံ မမှန်ကန်ခြင်း
၅။မျိုးမတူတစ်ကောင်ကို အသစ်ထပ်တိုးရောနှောထည့်ခြင်း
၆။အစာကျွေးချိန် မမှန်ခြင်း
ရေနှင့် အခြားအစာလိုအပ်ချက်ကို အချိန်မှန်မဖြည့်ဆည်းခြင်း
စတဲ့အချက်အလက်အများစုပါ၀င်ပါတယ်။
ဒီလို ကြက်အချင်းချင်းဆိတ်ကြတဲ့ အခြေအနေဖြစ်လာရင်တော့ အောက်ပါနည်းလမ်းများအသုံးပြုပြီး ကာကွယ်ကြည့်ပါ။
၁။အစာအသင့်စားကနေ အစာကိုယ်တိုင်ရှာစားဖို့ ပြောင်းလဲနိူင်မယ့် အခြေအနေတစ်ခုကို ပြုလုပ်ပေးရန်
၂။နေ့စဉ်ကျွေးတဲ့အစာထဲမှာ အစိမ်းရောင်အမျှင်ဓာတ်ကိုအနည်းငယ်ရောနှောပြီးကျွေးပါ
၃။အလင်းများလွန်းတဲ့ အခြေအနေတစ်ခုကနေ လျှော့ချပါ၊ ဥပမာ နေ့ည အမြဲ မီးထွန်းတာမျိုးရှောင်ကျဉ်ရန်
၄။Poultry blinders လို့ခေါ်တဲ့ ရှေ့ကိုမမြင်အောင်ကာတဲ့ ပစ္စည်းတွေကို အသုံးပြုလို့ရနိုင်ပါတယ်
၅။ဒဏ်ရာရထားတဲ့ကြက်တွေကို သီးခြားထားဖို့အရေးကြီးတယ်ဆိုတာ သတိရပါ
၆။နောက်ဆုံးအရေးကြီးတဲ့အချက်ကတော့ သူ့အရွယ်နဲ့သူ နှုတ်သီးကို ဖြတ်ပေးဖို့ပါပဲ
ယခုလိုပြသနာတွေ မဖြစ်ဖို့ ငယ်စဉ်က နှုတ်သီးရဲ့ ၃ပုံတစ်ပုံရှေ့ပိုင်းကို တိပေးဖို့ ဖြစ်ပါတယ်။
ပြည့်ဖြိုးသော် B.Agr.Sc(Soil and Water Sc)
ဥစားကြက်မွေးမြူရေးခြံများအတွက် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်
မွေးမြူရေးခြံနေရာ
မွေးမြူရေးခြံအဖြစ် ဆောက်လုပ်ရန် တရားဝင်ခွင့်ပြုထားသည့်မြေ ဖြစ်ရမည်ဖြစ်ပြီး နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိရမည်။ လူနေအိမ်များနှင့် နီးကပ်ခြင်းမရှိစေရ။
လျှပ်စစ်ဓာတ်အားရရှိပြီး ရေအရင်းအမြစ်နှင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေသည့် နေရာတွင် ရှိရမည်။
ရာသီအလိုက် ရွှေ့ပြောင်းသွားလာမှုရှိသည့် ဆောင်းခိုငှက်ကဲ့သို့ တောရိုင်းငှက်များနှင့် ထိစပ်မှုမရှိသည့်နေရာဖြစ်ရမည်။
ရေကြီးခြင်းနှင့် ရေလွှမ်းမိုးခြင်းမရှိနိုင်သည့်နေရာတွင် ရှိရမည်။
သားသတ်ရုံများ၊ အခြားတိရစ္ဆာန်များကို သတ်သည့်နေရာ၊ တိရစ္ဆာန်အရှင်စျေးကွက်နှင့် အနည်းဆုံး(၃) မိုင် အကွာအဝေးရှိရမည်။
ဘေးအန္တရာယ်ရှိစေသည့် ရုပ်ပိုင်းဆိုင်ရာပစ္စည်းများ၊ ဓာတုဗေဒပစ္စည်းများနှင့် အဏုဇီဝပိုးမွှားများမှ ကင်းဝေးရမည်။
မွေးမြူရေးခြံပုံစံ
အလုပ်သမားနားနေခန်း၊ သန့်စင်ခန်း၊ စွန့်ပစ်ပစ္စည်းထားရှိသည့်နေရာ၊ အသေကောင်ဖျက်ဆီးသည့်နေရာ၊ အစာသိုလှောင်ရုံ၊ ဆေးဝါးသိုလှောင်ခန်းနှင့် ကြက်ဥသိုလှောင်ရုံတို့အား စနစ်တကျ ဖွဲ့စည်းထားရှိရမည်။
လေဝင်လေထွက်ကောင်းပြီး အလွယ်တကူ သန့်ရှင်းဆေးကြောနိုင်သည့် ပုံစံရှိရမည်။ ခြံအဆောက်အဦသည် အရှေ့အနောက် အလျားလိုက် တည်ဆောက်ထားရှိရမည်။
ကြက်ရုံတစ်ရုံနှင့်တစ်ရုံသည် ရှေ့နောက်/ဝဲယာပေ ၅၀ အကွာအဝေးရှိရမည်။
ခြံစည်းရိုးသည် လုံခြုံစိတ်ချရပြီး မွေးမြူရေးခြံအဆောက်အဦနှင့် လုံလောက်သော အကွာအဝေး ရှိရမည်။
ခြံအဝင်ဂိတ်ပေါက်တွင် အထွက်ဂိတ်ပေါက် သီးခြားထားရှိပြီး အဝင်ဂိတ်တွင် ပိုးသန့်စင်ဆောင်ရွက်နိုင်ရန် စီမံထားရှိမည်။
ရုံတစ်ခုချင်းအတွက် ပိုးသန့်စင်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရမည်။
လျှပ်စစ်အန္တရာယ်မှ ကင်းဝေးအောင် စနစ်တကျ စီမံထားရှိရမည်။
အရေးပေါ်အခြေအနေများအတွက် ကွက်ကဲနိုင်အောင် စီမံထားရှိရမည်။
ခြံအဝင်လမ်း၊ အထွက်လမ်းနှင့် ခြံအတွင်းလမ်းများသည် လုံလောက်သော အကျယ်အဝန်းရှိမည်။
မွေးမြူရေးခြံအဆောက်အဦ
မွေးမြူရေးခြံအဆောက်အဦသည် မွေးမြူမည့်စနစ်၊ တိရစ္ဆာန်အမျိုးအစား၊ အရွယ်အစားအလိုက် သတ်မှတ်ထားသည့်ပုံစံ ဖြစ်ရမည်။ လေဝင်လေထွက်ကောင်းရမည်။ လုံခြုံသည့် အမိုးအကာဖြစ်ရမည်။
မွေးမြူရေးခြံအဆောက်အဦပုံစံသည် ဇီဝလုံခြုံမှုနည်းလမ်းအရ သန့်ရှင်းသောနေရာမှ မသန့်ရှင်းသောနေရာသို့သာ သွားရမည်ဟု ညွှန်ကြားချက်နှင့် ကိုက်ညီသည့်ပုံစံဖြစ်ရမည်.
ဥစားကြက်များအတွက် အစားနှင့် ရေ
အစာဖြည့်ဆည်းခြင်း
- ကျွေးမွေးသည့်အစာများသည် ကောင်းမွန်သော ထုတ်လုပ်ခြင်းနည်းစနစ်များကျင့်သုံးသည့် အစာစက်ရုံများမှ ထုတ်လုပ်သည့်အစားများကို အသုံးပြုသင့်သည်။
- မွေးမြူရေးအစာတွင် အသုံးပြုရန်မသင်တော်သည့် ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် အခြားပါဝင်ပစ္စည်းများပါဝင်မှု မရှိစေရ။
- အရည်အသွေးပြည့်မီသည့် အစာကုန်ကြမ်းများ ရောစပ်ကျွေးမွေးရာတွင် ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များ ရယူသင့်သည်။
- အစာထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်းနှင့် ကျွေးမွေးခြင်းစသည့် အဆင့်တိုင်းတွင် ဓာတုဗေဒပစ္စည်းများနှင့် အဏုဇီဝပိုးမွှားများ၏ အစာအရည်အသွေး ပျက်ယွင်းမှုမရှိအောင် ဆောင်ရွက်ရမည်။
- အစာကို သက်ဆိုင်ရာလမ်းညွှန်ချက်အတိုင်း သုံးစွဲရမည်ဖြစ်ပြီး လေဝင်လေထွက် ကောင်းမွန်သည့်နေရာတွင် စနစ်တကျ သိုလှောင်ထားရှိရမည်။
- မွေးမြူရေးသုံးပစ္စည်းများနှင့် ဓာတုပစ္စည်းများစာရင်းပြုစုခြင်း
- မွေးမြူရေးခြံတွင် မှတ်ပုံတင်/ခွင့်ပြုတားမြစ်ထားသော မွေးမြူရေးသုံးပစ္စည်းများ စာရင်းရှိရမည်။
- မွေးမြူရေးခြံတွင် မှတ်ပုံတင်/ခွင့်ပြု/တားမြစ်ဓာတုပစ္စည်းများ စာရင်းကို ပြုစုထားရှိရမည်။
ရေအရည်အသွေး
- သန့်ရှင်းသော သောက်သုံးရေ ဖြစ်ရမည်။
- အသုံးပြုသောရေတွင် ဓာတုပစ္စည်းများ၊ အဏုဇီဝပိုးများနှင့် ဓာတ်သတ္တုများပါဝင်မှုသည် ဘေးအန္တရာယ်ကင်းရှင်းသော အခြေအနေတွင် ရှိရမည်။
- ရေသန့်စင်သည့်စနစ်ကို အသုံးပြုခဲ့လျှင် စံချိန်စံညွှန်းနှင့်အညီသုံးစွဲပြီး မွေးမြူသည့်အကြိမ်တိုင်း ပုံမှန်စစ်ဆေးရမည်။
- ရေပြုပြင်သုံးစွဲပါက နေ့စဉ်စစ်ဆေးပေးရန်လိုအပ်ပြီး မှတ်တမ်းထားရှိရမည်။
- ရေတွင် E.coli နှင့် Fecal Coliform ကဲ့သို့သော ရောဂါပိုးမွှားများ ပါဝင်မှုကို ပုံမှန်စစ်ဆေးရမည်။
ကြက်အစာ စပ်ခြင်း
အချိုးညီအစာသည် တိရိစ္ဆာန်တစ်ကောင် တစ်နေ့အတွက် (၂၄-နာရီအတွက်) လိုအပ်သော အစာများကို အချိုးအစားနှင့် ဦးရေ (အရေအတွက်) အလိုက် စနစ်တကျတွက်ချက်၍ ရောစပ်ထားသော အစာဖြစ်သည်။ အစာစပ်ရာတွင် တွက်ချက်ရန် လွယ်ကူသောနည်းကို ဦးစားပေးရမည်။ အစာရောစပ်ခြင်းကို မစမီတွင် စိတ်တွင်း၌ တိရစ္ဆာန်အရွယ်အစား အမျိုးအစားနှင့် သဘာဝများပေါ်မူတည်၍ လက်ရှိအခြေအနေအရ မိမိတို့မှ စီစဉ်ကွပ်ကဲကျွေးမွေးနိုင်မည့် အမျိုးအစားကိုရွေးချယ်ရမည်။
အစာရောစပ်ရာတွင် လိုအပ်သော အသားဓာတ်၊ ကစီဓာတ်နှင့် အခြားအရေအတွက် အမျိုးအစားများအပြင် အောက်ပါအချက်များကို အထူးအဓိကထား၍ စဉ်းစားဆောင်ရွက်ရန် လိုသည်။
1. အစာသည် တိရစ္ဆာန်အကြိုက် (စား၍ကောင်းသော၊ အရသာတွေ့သောအစာ) ဖြစ်ရမည်။
2. အစာသည် ဈေးသက်သာ၍ ရေရှည်တွင် တွက်ခြေကိုက်ရမည်။ တတ်နိုင်ပါက မိမိခြံ၊ လယ်ယာထွက်ကုန် သီးနှံပစ္စည်းများ) ကိုသာ သုံးစွဲရန် ဖြစ်သည်။
3. အစာတွင် ပရိုတင်း(အသားဓာတ်)ကို လိုအပ်သရွေ့သာ ပါစေရမည်။ (၎င်းတို့သည် အထူးဈေးနှုန်းကြီးမားသောကြောင့် ဖြစ်သည်။) ဈေးကြီးသောပစ္စည်းကို သုံးစွဲခြင်းဖြင့် အခြားသောအဖြည့်ခံအစာများတွင် ဗီတာမင်များ ခြိုးခြံရသမျှဖြင့် မမျှမတ ဖြစ်နိုင်သည်။
4. အစာအတွက် လိုအပ်သော ဗီတာမင် အပြည့်အစုံ၊ အလုံအလောက်ပါ စေရမည်။
5. အစာတွင် လိုအပ်သောဓာတ်ဆားများ (Minerals) အပြည့်အစုံ၊ အလုံအလောက် ပါစေရမည်။ (ဓာတ်ဆား ပိုမိုပါဝင်ခြင်းဖြင့် မလိုလားအပ်သောပြသနာ ဖြစ်နိုင်၍ မများအောင် ရှောင်ပါ။)
6. အစာအတွက်လိုအပ်သော အဖြည့်ခံဆေးများ (Feed Additive Antibiotic) စသည်များ အပြည့်အစုံပါဝင်စေရမည်။
7. အစာသည် ကြေညက်လွယ်ရမည်။
8. အစာသည် တတ်နိုင်သမျှ သန့်ရှင်းလတ်ဆတ်ပြီး ကျွေးရန်သင့်လျော်ရပေမည်။
အစာစပ်ယူမည့် အစာကြမ်းတွင် ပရိုတင်းဓာတ်ရာခိုင်နှုန်း အချိုးအစား မည်မျှထည့်ရန် လိုအပ်သည်ကို တွက်ချက်ယူရန် အထူးအရေးကြီးပါသည်။ ဤနေရာတွင် ပရိုတင်းရာခိုင်နှုန်းများ သိရှိထားရမည်။ ပြောင်းတွင် ပရိုတင်း (၈) ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းရှိသည်။ သို့သော် ကြက်စာအတွက် အမှန်လိုအပ်သော ပရိုတင်းမှာ (၂၀) ရာခိုင်နှုန်းဖြစ်သည်။ ထို့ကြောင့် ပြောင်း (၇၀) ရာခိုင်နှုန်းတွင် ပုစွန်ဖွဲ (၃၀) ရာခိုင်နှုန်း ရောစပ်ပေးသော် ပျမ်းမျှအားဖြင့် ပရိုတင်းဓာတ် (၂၀) ရာခိုင်နှုန်းဖြစ်လာနိုင်ပါသည်။
ထိုနည်းတူစွာပင် ဆန်ကွဲတွင် (၈) ရာခိုင်နှုန်း၊ ဖွဲနုတွင် ပရိုတင်း (၁၃) ရာခိုင်နှုန်း အသီးသီးရှိသည်ကို မှတ်သားလျက် ပြောင်း၊ ဆန်ကွဲ၊ ဖွဲနု စသည်တို့ ရောစပ်ရပေမည်။ ယင်းအစာများမှာ ကာဘိုဟိုက်ဒရိတ် (ကစီ) ဓာတ်များပြီး ဗီတာမင်နှင့် သတ္တုဓာတ်ပေါများသော အစားအစာများကို ထပ်မံဖြည့်စွက်ရပေမည်။
ငါးမှုန့် (သို့) ပုစွန်ဖွဲကို လိုအပ်သော အချိုးအစားအလိုက် ထည့်သွင်းရောစပ်ပါက သင့်လျော်ပါမည်။ ဥပမာအားဖြင့် —
ဆန်ကွဲ - ၂၃ ပေါင်
ဖွဲနု - ၁၁ ပေါင်
ပြောင်း - ၄၄ ပေါင်
ပေါင်း - ၇၈ ပေါင်
--------------------------------
ပုစွန် (သို့) ငါးမှုန့် - ၁၁ ပေါင်
ပဲဖတ် - ၅ ပေါင်
နှမ်းဖတ် - ၆ ပေါင်
ပေါင်း - ၂၂ ပေါင်
ယင်းတို့ကို စုပေါင်းရောစပ်သော် (၁၀ဝ) ပေါင် ရရှိမည် ဖြစ်သည်။ ကြက်စာကို စပ်ရာတွင် စရိတ်စကကုန်ကျမှုကို ကြည့်၍ ကြက်စာကို ဈေးပေါပေါနှင့်ရအောင် မပြုသင့်ပေ။ ဥပမာ – ပရိုတင်းဓာတ်ပါသော အစာချင်းအတူတူ ဈေးကြီးသောငါးနှင့် ပုစွန်န်ဖွဲတို့ကို သုံးမည့်အစား၊ ဈေးပေါသော နှမ်းဖက်၊ ပဲဖတ်များချည်း သုံးရန် မသင့်လျော်ပေ။ အဘယ်ကြောင့်ဆို သော် ပဲဖတ်၊ နှမ်းဖတ် တို့သည် ပရိုတင်း ဓာတ်ရှိသော်လည်း ငါးမှုန့်၊ ပုစွန်၊ ဖွဲတို့လောက် အာဟာရဓာတ် ကြွယ်ဝပြည့်စုံခြင်းမရှိသည်ကို သတိချပ်သင့်သည်။
ငွေကြေးကုန်ကျသက်သာမှု တစ်ခုတည်းကိုသာကြည့်ရှု၍ ရောစပ်ခြင်းဖြင့်၊ ကြက်များတွင် အာဟာရဓာတ်ချို့တဲ့ကာ ကျန်းမာရေး ထိခိုက်စေနိုင်ပါသည်။ ပူပြင်းသောနွေရာသီတွင် ဗီတာမင်ဓာတ်ချို့တဲ့တတ်သဖြင့် ဖြည့်စွက်ပေးသည့်အနေဖြင့် ဗီတာမင်ပါသောအစာများ ရောနှောကျွေးသင့်ပါသည်။
ဒေါက်တာမြမြဌေး
နည်းသစ်စွယ်စုံဂျာနယ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။
ကြက်ဥထွက်နှုန်းနှင့် အစာအဟာရ
ကြက်ဥထွက်နှုန်းနှင့် ကြက်တို့အတွက် အစာအဟာရမှာ ဆက်စပ်နေပါသည်။ ဥပမာအားဖြင့် ကြက် (၁၀ဝ) ကောင် မွေးမြူထားပါက၊ ယင်းကြက် (၁၀ဝ) ဥသော ကြက်ဥနှင့် ၎င်းတို့ကိုကျွေးသော ကြက်စာဖိုးကုန်ကျမှုနှင့် တိုက်ရိုက်ဆက်သွယ်နေသည်။ ကြက်များ၏ ဥထွက်နှုန်းများပြားလာလေ၊ ကြက်ဥထုပ်လုပ်ရသည့် ကုန်ကျစရိတ်နည်းလာလေ ဖြစ်သည်။ ထိုသို့ ကြက်ဥထွက်နှုန်း များပြားလာရန်လည်း ကြက်စာတွင် လိုအပ်သောအာဟာရဓာတ်များ ပြည့်ဝစွာပါဝင်စေရန် လိုအပ်ပါသည်။
ကြက်ပေါက်နှုန်းနှင့် ကြက်စာ
ပရိုတင်း(အသားဓာတ်နည်းပါးသောအစာ တနည်းအားဖြင့် ၁၂ ရာခိုင်နှုန်းထက်နည်းပါးသော) ကြက်စာများသာစားရသည့် ကြက်မှဥသော ကြက်ငယ်ကလေးများ ပေါက်ဖွားစံချိန် လျော့နည်းလာတတ်သည်။ ခြုံ၍ဆိုရလျှင် ကြက်စာတွင် ဖေါ်ပြခဲ့ပြီးသော သတ္တုဓာတ်များ၊ ဗီတာမင်ဓာတ်များ၊ ပရိုတင်း (အသားဓာတ်) များစသည့် အာဟာရဓာတ်များ ကြက်များတွင် လိုအပ်သည့်အချိုးအစားအတိုင်း ပါရှိစေရန် ဂရုစိုက်သင့်ပါသည်။
အထက်တွင် ဖေါ်ပြခဲ့သော ဗီတာမင်ဓာတ်ချို့တဲ့လျှင် ဖြစ်တတ်သောအချက်အလက်များကို ဂရုပြုသင့်ပါသည်။
အသားစားကြက်များအတွက် အစာအာဟာရကျွေးမွေးခြင်း
အသားတိုးကြက်မျိုးများသည် ဥစားကြက်မျိုးများထက် ကြီးထွားနှုန်းမှာ နှစ်ဆခန့်အထိ လျင်မြန် သဖြင့် ထိုကြီးထွားနှုန်းအတွက် ပြည့်စုံလုံလောက်မည့် အဟာရဓာတ် လိုအပ်ပေသည်။ အသားတိုးကြက်စာတွင် ဥစားကြက်စာထက် အင်အားဓာတ် (energy) နှင့် အဆီဓာတ် (fat) ပါဝင်နှုန်း မြင့်မားရမည်။
ပရိုတင်း (အသားဓာတ်)ပါဝင်နှုန်းမှာလည်း မြင့်မားရမည်။ ထို့ပြင် ဗီတာမင်နှင့် သတ္တုဓာတ်ပါဝင်နှုန်းမှာလည်း ပြည့်စုံမြင့်မားရပေမည်။ သို့သော် အမျှင်ဓာတ် (Fibers) မှာမူ နည်းပါးရမည်။
ဖွဲနု - ၂၀ ပေါင် (သို့ ) ပိဿာ
ဆန်ကွဲ - ၂၇ ပေါင်
ပြောင်း - ၁၀ ပေါင်
ပေါင်း - ၅၇ ပေါင်
--------------------------
ပဲဖတ်၊ နှမ်းဖတ် - ၂၅ ပေါင်
ငါးခြောက် - ၁၅ ပေါင်
ခရု - ၂ ပေါင်
ဖြည့်စွက်စာ - ၁ ပေါင်
ပေါင်း - ၄၃ ပေါင်
အသားတိုးကြက်စာကို အထက်ပါစပ်နည်းဖြင့် ကြက်ငယ်မှ ရောင်းသည်အထိ ကျွေးနိုင်သည်။ ကြီးထွားနှုန်းမြန်ခြင်းကြောင့် ဗီတာမင်နှင့် သတ္တုဓာတ်များပါဝင်သော ဖြည့်စွက်စာကို အစာတွင် အပြည့်အဝထည့်သွင်းရန် လိုအပ်ပါသည်။
- အသားတိုးကြက်များမှာ အစာကို အဆက်အပြတ် စားသောက်တတ်ခြင်းကြောင့် မပြတ်လပ်စေရန် ဂရုပြုသင့်သည်။
- အစာစိမ်းကျွေးပါက အစာစိမ်းစားနှုန်းများပြီး အစာနုစားနှုန်းလျော့ကျခြင်းကြောင့် အစာကိုမပြတ်လပ်စေရန် ဂရုပြုသင့်သည်။
- အစာစိမ်းကျွေးပါက အစာစိမ်းစားနှုန်းများပြီး အစာနုစားနုန်းလျော့ကျခြင်းဖြင့် အလေးချိန်တိုးနှုန်း လျော့နည်းသွားတတ်သည်။
- အစာကို ဥကြက်မများတွင်ကျွေးသကဲ့သို့ အတုံးအခဲမဖြစ်စေအောင် ဂရုစိုက်ရမည်။ တစ်နည်းဆိုရသော် အစာမှာမှုန့်ရမည် ဖြစ်သည်။
- အစာအဟာရလိုအပ်ချက်နှင့် ကြက်၏အရွယ်၊ အချိုးနှင့် ရာသီဥတုအလိုက် အနည်းနှင့်အများကွာခြားမှုရှိလေသည်။
အစာပုံသဏ္ဌာန်
အစာပုံသဏ္ဌာန်မှာ အမှုန့် (mash)၊ အတောင့် (pellet) နှင့် အတောင့်တို့ကို ပြန်၍ကြိတ်ခွဲထားသော (crumble) ဟူ၍ သုံးမျိုးသုံးစားရှိသည်။ အတောင့်ကျွေးခြင်းဖြင့် အစာစားသုံးမှုမြင့်တက်စေခြင်း၊ ကြက်စာ၏အရည်အသွေးကို တိုးတက်စေခြင်း၊ အစာလေလွင့်မှုမရှိ လျော့ကျစေခြင်း၊ အစာမှုန့်ထက် စားသောက်ရန်လွယ်ကူခြင်း၊ အချို့သော အဆီတွင်ပျော်ဝင်သည့် ဗီတာမင်များ လျင်မြန်စွာပျက်စီးမှုနည်းပါးခြင်း၊ အချို့သောဗက်တီးရီးယားနှင့် အချို့ဗိုင်းရပ်စ်ပိုးများ အစာအတောင့် (Pelletting) ပြုလုပ်စဉ် ပျက်စီးသွားနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေသည်။
သို့သော် ယင်းသို့ အစာတောင့်ကျွေးခြင်းသည် ကုန်ကျစရိတ်ပိုစေသည်။ ရေသောက်သုံးမှု ပိုစေသည်။ ၎င်းတို့မှ စွန့်ထုတ်သော အညစ်အကြေးမှာ ပျော့သည်။ တစ်ကောင်နှင့်တစ်ကောင် ဆိတ်ခြင်းကို တိုးတက်စေသည်။
အစာထဲတွင်ထည့်ကျွေးသင့်သော အခြားပစ္စည်းများ
အစာထဲတွင် ခရု (Oyster shell) ကို ဖြည့်စွက်စာအဖြစ် ထည့်ကျွေးသင့်သည်။ အထူးသဖြင့် ဥကြက်များ၏အစာတွင် ဥခွံထူအောင်နှင့် အရည်အသွေးကောင်းအောင် ခရုကို ထပ်မံထည့်ကျွေးရမည်။ ၎င်းတွင် ကယ်လ်ဆီယမ် (၃၈) ရာခိုင်နှုန်း ပါဝင်သည်။ ထို့ပြင်အစာထဲတွင် ကျောက်ခဲသေး(Gret)ထည့်ကျွေးသင့်သည်။ ၎င်းမှာ နေ့တိုင်းကျွေးရန် မဟုတ်ပေ။ ယင်းသို့ကျွေးခြင်းဖြင့် အစာကြေညက်မှုကို ပို၍ဖြစ်စေသည်။ တွဲလောင်းချအစာခွက်တစ်ခုတွင် တစ်ပတ်မှာ ကြက် ၁၀ဝ ကောင်အတွက် (Grit) ၁ ပေါင် (၄၅၄ ဂရမ်) ကျွေးနိုင်သည်။
ဒေါက်တာမြမြဌေး
နည်းသစ်စွယ်စုံဂျာနယ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။
ခြံထဲကကြက်တွေ ကိုယ့်ဥကိုယ်ပြန်စားနေကြပြီလား?
ကြက်မွေးမြူရေးကို စီးပွားဖြစ်လုပ်ကိုင်ကြတဲ့နေရာမှာ ဥစားကြက်ရဲ့ဝင်ငွေကလည်း မက်လောက်စရာ စီးပွားရေးလုပ်ငန်းတစ်ခုပါ။ ဒီနေရာမှာ ကြက်မတွေက ကြက်ဥတွေ ပြန်စားနေကြတယ်ဆိုရင်တော့ အလုပ်မဖြစ်လှပါဘူး။ ဒါကြောင့် စိတ်ညစ်စရာဒီလိုကိစ္စအတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ချို့ကို ဖော်ပြလိုက်ရပါတယ်။
• အသားဓာတ် လုံလောက်အောင်ကျွေးပါ။ ဥကြက်မတွေကို ကျွေးတဲ့အစာထဲမှာ အသားဓာတ် ၁၆ ရာခိုင်နှုန်း အနည်းဆုံးပါသင့်ပါတယ်။ နို့၊ ဒိန်ချဉ်၊ နေကြာစေ့လိုမျိုးအစာတွေကို ဖြည့်စွက်စာအဖြစ် ကျွေးနိုင်ပါတယ်။
• ကြက်ဥခွံတွေ မာအောင်ထားပါ။ ကြက်ဥခွံတွေပါးတဲ့အခါ ကွဲလွယ်ပြီးစားဖို့အတွက် ပိုလွယ်ကူစေတာပေါ့။ ကယ်လ်ဆီယမ်ဓာတ် လုံလောက်အောင်ကျွေးပါ။ ကြက်ခြံထဲမှာ မတော်တဆ ကြက်ဥတွေကွဲသွားခဲ့ရင်လည်း မြန်မြန်သန့်ရှင်းရေးလုပ်လိုက်ပါ။
• ကြက်ဝပ်ကျင်းထဲမှာ ကြက်ဥပုံစံ သစ်သားတစ်ခုခု (သို့) ဂေါ်လီလုံး ထည့်ထားပေးလိုက်ပါ။ ကြက်ဥ ဖောက်စားနေကျဖြစ်တဲ့ကြက်က သစ်သားဥကို ဖောက်စားဖို့လုပ်ရင်း မရတော့တဲ့နောက် လက်လျော့သွားမှာပါ။ ဒီလိုနဲ့ တဖြည်းဖြည်း နောက်ထပ်ကြက်ဥတွေကို ဖောက်စားဖို့ကြံစည်မှာတောင် မဟုတ်တော့ဘူးပေါ့။
• ကြက်ဥခွံအလွတ်ထဲကို ပူစပ်စပ် အနံအရသာရှိတဲ့အရာတွေ ထည့်ထားလိုက်ပါ။ မုန်ညင်းစေ့ကြိတ်ဖတ်တွေကို နနွင်းမှုန့်နဲ့ရောနယ်ထားတဲ့ အရောအနှောလိုမျိုး ကြက်တွေမကြိုက်တဲ့အရာကို အသုံးပြုလို့ရပါတယ် ( သေသေသပ် သပ်နဲ့ ပုံစံမပျက်လေး ထည့်ဖို့တော့လိုမှာပါ။) ကြက်ဥဖောက်စားနေကျ ကြက်က ကြက်ဥအတုကိုတွေ့ပြီး အနံအရသာတွေကြောင့် တဖြည်းဖြည်း ရပ်တန့်သွားစေမှာပါ။
• တစ်နေ့မှာ ၂ - ၃ ကြိမ်လောက်ထိ ကြက်ဥကို မှန်မှန်ကောက်နိုင်အောင်ကြိုးစားပါ။
• ကြက်ဥတွေ ပြန့်ကျဲနေခြင်းက ကွဲတာတွေအဖြစ်များပြီး ကြက်ဥဖောက်စားဖို့အတွက် ပိုလွယ်ကူစေပါတယ်။ ဒါ့ကြောင့် ဥအုဖို့အတွက် နေရာအကန့်လေးကို ကြက်ဥမကွဲစေမယ့် အရာမျိုးတွေနဲ့ စနစ်တကျလုပ်ထားပေးပါ။
• တစ်ချို့က ဥကြက်မတွေကို ဖြည့်စွက်စာကျွေးတဲ့အခါ ကြက်ဥထည့်ကျွေးလေ့ရှိပါတယ်။ ဒီနေရာမှာ ကြက်ဥအစိမ်းမကျွေးပဲ ကျက်ပြီးသားကိုသာကျွေးပါ။ ကြက်ဥအစိမ်းရဲ့အရသာကို သိသွားပြီး ကြက်ဥဖောက်စားတာတွေ ဖြစ်လာတတ်တာမို့ပါ။
• ဥဝပ်ကျင်းကိုလည်း အလင်းရောင်မှိန်မှိန် (သို့) မှောင်နေအောင်ထားပါ။ ဒီလိုအခြေအနေရအောင် လိုက်ကာလေးတွေ တပ်ပေးထားခြင်းက နည်းလမ်းကောင်းတစ်ခုပါ။
• ဥကြက်မ နေဖို့နေရာ ပြုလုပ်ပေးတဲ့အခါမှာလည်း လျောစောက်လေးပြုလုပ်ပေးပါ။ လျောစောက် လုပ်ပေးခြင်းဖြင့် ကြက်မတစ်ကောင်က ဥလိုက်တဲ့ကြက်ဥဟာ ကြက်မနဲ့ဝေးတဲ့စီလိမ့်သွားပြီး ကြက်ဥဖောက်စားဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။
• ကြက်တွေရဲ့ဗီဇအရ နှုတ်သီးနဲ့ ထိုးဆိတ်နေတတ်တာမို့ သူတို့အတွက် စိတ်ကြိုက်ထိုးဆိတ်လို့ရမယ့် ပစ္စည်းမျိုးတွေ ထည့်ထားပေးသင့်ပါတယ်။
အထက်ဖော်ပြပါ နည်းလမ်းတွေကို လက်တွေ့လုပ်ဆောင်ကြည့်မယ်ဆိုရင်တော့ ကြက်ဥတွေအစားခံတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်။
(ကိုးကား = မူရင်းရေးသားသူတွေအားလုံးကို ကျေးဇူးတင်၍ Credit ပေးပါသည်။)
အစိမ်းရောင်လမ်းမှ ကူးယူဖော်ထားသည်။
Credit
Win မွေးမြူရေးအစာကုန်ကြမ်းများနှင့်တိရစ္ဆာန်ဆေးဝါးအမျိုးမျိုးဖြန့်ဖြူးရောင်းချရေး
Ph-0988 7777 025
0988 7777 027
No comments:
Post a Comment