ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင်တောင်မှ နှာခေါင်းစည်းတပ်ဖို့ လိုပါတယ်

 


အခုချိန်မှာ ကမ္ဘာ့တချို့နိုင်ငံတွေမှာ အသက်ကြီးတဲ့လူတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေကို ကာကွယ်ဆေး စထိုးနေကြပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မကြာခင် စနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သိထားရမှာတစ်ခုက ကာကွယ်ဆေးရပြီဆိုတာနဲ့ ကပ်ရောဂါကြီးက ပြီးဆုံးသွားတာမျိုး မဟုတ်ပါဘူး။ လိုက်နာရမှာတွေ ရှိသလို mask ကိုလည်း တပ်မြဲတိုင်း တပ်ထားရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတာကို ရှင်းပြပါမယ်။

>>  ကာကွယ်ဆေးက ကိုဗစ်ကို တိုက်ထုတ်လိုက်တာ မဟုတ်ပါဘူး။
ကာကွယ်ဆေးက ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲကို ကိုဗစ်ပိုး တစ်စိတ်တစ်ပိုင်းကို ထည့်ပေးလိုက်ပြီး ခန္ဓာကိုယ်က မှတ်မိပြီး ဒီပိုးကို တိုက်ထုတ်မယ့် ခုခံအားတွေ ထွက်ပေါ်လာအောင် လုပ်ပေးတာဖြစ်ပါတယ်။ ဆိုတော့ လူတစ်ယောက်မှာ ခုခံအား ဘယ်လောက်ထွက်မယ်ဆိုတာ အခုထိ ရေရေရာရာ မသိနိုင်သေးပါဘူး။

>>  Mask ကသာ အခုချိန်ထိ အကောင်းဆုံး ကာကွယ်ဆေးတစ်ခုပါပဲ။
Mask တပ်တာက အကောင်းဆုံး ကာကွယ်နည်းတစ်ခုဖြစ်ပြီး မှန်မှန်ကန်ကန် အသုံးပြုရင် အသက်ရှူလမ်းကြောင်းရောဂါ ကူးစက်နှုန်းကို ၇၀ % အထိ လျှော့ချပေးနိုင်ပါတယ်။

>>  လူတိုင်းနီးပါး ကာကွယ်ဆေး ထိုးပြီးသားဖြစ်ဖို့ ၂ နှစ်၊ ၃ နှစ် ကြာနိုင်ပါတယ်။
ကာကွယ်ဆေးစထိုးတာ ရက်သတ္တပတ် အနည်းငယ်ပဲ ရှိသေးပြီး ဒီကာကွယ်ဆေးကို သိမ်းဆည်းဖို့၊ သယ်ယူဖို့၊ လူတွေကို ပညာပေးဖို့ စတဲ့ စိန်ခေါ်မှုတွေအများကြီး ရှိနေပါတယ်။ ဒါကြောင့် လူဦးရေ တော်တော်များများကို ကာကွယ်ဆေးထိုးပြီးဖြစ်ဖို့၊ ကာကွယ်ဆေးက အန္တရာယ်လုံးဝမရှိဘူးဆိုတာကို သိရဖို့ ၃ နှစ်လောက် အချိန်လိုအပ်ပြီး အဲ့တော့မှသာ ဒီကပ်ရောဂါ ပြီးဆုံးပြီလို့ ပြောလို့ရမှာ ဖြစ်ပါတယ်။

>>  ဘယ်သူတွေ ကာကွယ်ဆေး ထိုးပြီးပြီလဲဆိုတာ မသိနိုင်ပါဘူး။
လူဦးရေ အများကြီးထဲမှာ လူတိုင်းထိုးပြီးသား မဖြစ်နိုင်သေးတာရယ်၊ တချို့ကာကွယ်ဆေးတွေက ထပ်ခါထိုးဖို့ လိုအပ်တာကြောင့် ဘယ်သူ့ဆီက ကူးစက်မယ်ဆိုတာ မသိနိုင်ပါဘူး။

>>  လူတိုင်းက ကာကွယ်ဆေး မထိုးနိုင်သလို မထိုးကြပါဘူး။
ဘီလီယံနဲ့ ချီတဲ့ လူတွေကို ကာကွယ်ဆေးထိုးဖို့ဆိုတာ မလွယ်ပါဘူး။ ကာကွယ်ဆေးရဲ့ဆိုးကျိုးတွေကို သေချာမသိရသေးတာကြောင့် တချို့လူတွေက ထိုးဖို့ နောက်တွန့်ကြမှာပါ။
တချို့ နဂိုရောဂါအခံကြောင့် ကာကွယ်ဆေးထိုးလို့မရတဲ့လူတွေ ရှိနေပါသေးတယ်။

>>  ပိုးပြန်ပြီး ကူးစက်နိုင်ချေ ရှိပါသေးတယ်။
ပိုးက မျိုးရိုးဗီဇ အမြဲပြောင်းလဲနေပါတယ်။ ကာကွယ်ဆေးကရတဲ့ ခုခံအားကလည်း ဘယ်လောက်ကြာကြာ ခံမလဲဆိုတာ သေချာမပြောနိုင်ကြသေးပါဘူး။

>>  ဘယ်အချိန်မှ mask မတပ်ဘဲ နေလို့ရမှာလဲ။
ကိုဗစ် ကူးစက်မှုတွေ လျော့ကျပြီ၊ လုံးဝမရှိတော့တာ သေချာပြီ၊ တစ်ကမ္ဘာလုံး အတိုင်းအတာအရ အချက်အလက်တွေ ထွက်လာပြီ ဆိုမှသာ mask ကို ချွတ်ပြီး လှုပ်ရှားသွားလာလို့ အဆင်ပြေမှာပါ။

Dr. Htar (www.drmyanmar.com)

No comments:

Post a Comment