ကိုဗစ်ကို မိမိအိမ်မှာပဲ စစ်ဆေးနိုင်မည့် test kit ကို US FDA အသိအမှတ်ပြု

 


ဒီဇင်ဘာ ၁၆ ရက်နေ့မှာ အမေရိကန်နိုင်ငံ FDA က အိမ်မှာပဲ ချက်ချင်းစစ် ချက်ချင်းအဖြေထွက်နိုင်တဲ့ ကိုဗစ် ရှိ၊ မရှိ အမြန်စစ်ဆေးတဲ့ test kit တွေကို တရားဝင်အသိအမှတ်ပြုလိုက်ပြီလို့ ဆိုပါတယ်။
ဒီစစ်ဆေးတဲ့ Test Kit တွေဟာ ကိုဗစ်ကို တိုက်ထုတ်ရာမှာ အလွန်အရေးကြီးပြီး ဒီတစ်ခေါက် test kit က အရင်နဲ့ မတူဘဲ ဆရာဝန်ညွှန်ကြားချက်မလိုဘဲ အသက် ၂ နှစ်အထက် လူတိုင်း မိမိဘာသာ စစ်ဆေးလို့ ရပါတယ်။
ဒီ test kit ဟာလည်း နှာခေါင်းတို့ဖတ်ယူပြီး စစ်ဆေးရမှာဖြစ်ပြီး အိမ်မှာ ကိုယ်ဝန် ရှိ၊ မရှိ စစ်ဆေးရတဲ့ ပလတ်စတစ်စက်လေးတွေနဲ့ အလားသဏ္ဌာန် တူပါတယ်။ မိနစ်ပိုင်းအတွင်း အဖြေထွက်နိုင်ပါတယ်။
အရင် test kit တွေမှာ အဓိကပြဿနာရှိတာက စစ်ဆေးပြီး အဖြေကို မှတ်တမ်းတင်လို့မရ၊ data တွေ မရှိတာဘဲ ဖြစ်ပါတယ်။ ပညာရှင်တွေက ဒီဟာက နောက်ပိုင်းမှာ တိုင်းပြည်အတွက် ပြဿနာဖြစ်နိုင်တယ်ဆိုပြီး ထောက်ပြခဲ့ပါတယ်။
ဒါပေမဲ့ အခု FDA က ခွင့်ပြုလိုက်တဲ့ သြစတေးလျနိုင်ငံထုတ် Ellume test kit က သူရဲ့ အဖြေကို ဖတ်ဖို့ ဖုန်းမှာ app တစ်ခု သွင်းဖို့လိုပါတယ်။ အဖြေကို app က ဖတ်ပေးပြီးရင် အဲဒီ data ကို သူတို့ရဲ့ အချက်အလက်တွေ အားလုံးကို သိမ်းတဲ့ဆီပို့ပြီး ဒေသဆိုင်ရာ ကျန်းမာရေးဌာနတွေကို အချက်အလက်တွေ ပြန်မျှဝေသွားမှာ ဖြစ်ပါတယ်။ မသက်ဆိုင်တဲ့လူတွေဆီ အချက်အလက်တွေ ပေါက်ကြားမှာလည်း စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။
ဒီ test kit တွေ တရားဝင် အသုံးပြုလို့ရလာတာဟာ ဓာတ်ခွဲမှာ အသုံးပြုရတဲ့ ဓာတ်ကူပစ္စည်း ကုန်ကျစရိတ်တွေ၊ ဓာတ်ခွဲခန်းပညာရှင်တွေ အလုပ်ချိန်တွေ ပိုနေတာတွေကို သက်သာသွားစေပါတယ်။
ပညာရှင်တွေအနေနဲ့ ဒီတိုးတက်လာတဲ့ ရလဒ်အပေါ်မှာ ကျေနပ်အားရနေကြပေမယ့် တချို့တွေကတော့ လူတွေအနေနဲ့ ဒီရလဒ်တွေအပေါ် မူတည်ပြီး စည်းမျဉ်းတွေကို မလိုက်နာတာ၊ ချိုးဖောက်တာမျိုးတွေ၊ mask မတပ်၊ လူစုလူဝေးလုပ်၊ ပေါ့ပေါ့တန်တန် နေလာကြတာမျိုးတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြပါတယ်။ ဒီ test kit တွေအနေနဲ့ ပိုးကို ရှာဖွေတွေ့ရှိနှုန်း ၉၀ ကနေ ၉၇ ရာခိုင်နှုန်းလောက်ထိ တိကျပေမယ့် ဘယ်အချိန်မှာ စစ်တာလဲဆိုတဲ့ပေါ် မူတည်နေပါသေးတယ်။
ဒီနေ့စစ်ပြီး ပိုးမရှိဆိုတဲ့ အဖြေထွက်ပေမယ့် နောက်ရက်မှာ ကူးစက်ခံရတာမျိုးတွေလည်း ရှိနိုင်ပါတယ်။
အရှေ့တစ်ပတ်မှာလည်း ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ စစ်ဆေးရတဲ့ test kit တစ်မျိုးကိုလည်း ခွင့်ပြုပေးခဲ့ပါတယ်။
ပညာရှင်တွေအနေနဲ့ နောက်လာမယ့်အပတ်တွေမှာလည်း test kit အမျိုးအစားအသစ်တွေကို FDA အနေနဲ့ ပိုပြီး ခွင့်ပြုပေးဖို့ကို မျှော်လင့်နေပါတယ်။

Dr. Htar (www.drmyanmar.com)

No comments:

Post a Comment